Monday, June 19, 2017

အထက်တန်းစား ဗုဒ္ဓဘာသာဝင် 

ဗုဒ္ဓဘာသာဝင် တို့သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃ တည်းဟူသော အမြတ်ဆုံးသော ရတနာ သုံးပါးကို ကိုးကွယ် ကြသူများ ဖြစ်သည့်အလျှောက် အမြတ်ဆုံး ရတနာ သုံးပါးကလည်း ကိုးကွယ် သူတို့အား အမြတ်ဆုံးသော အကျိုးများကို ရစေနိုင်စွမ်း ရှိပါတယ်။ သို့သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ အကျိုးပေးမှု အနည်းအများ ကွာဟတဲ့ အလျှောက် ကိုးကွယ်သူတို့ရဲ့ ဘ၀အနိမ့် အမြင့် ခြားနားလျှက် ရှိပါတယ်။ ဒါဟာ ကိုးကွယ်ပုံခြင်း၊ ရတနာသုံးပါးကို ကြည်ညိုပုံခြင်း မတူညီကြလို့ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူပုံ နည်းလမ်းခြင်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏ အဆုံးအမများကို ဘ၀လမ်းညွှန်အဖြစ် လိုက်နာခံယူ ကျင့်သုံးသူများပင် ဖြစ်ပါတယ်၊ ဒီလို လိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓ အဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများ ရှိသလို၊ သာမန်ကာလျှံကာ သိသူများလည်း ရှိပါတယ်။ ပါရမီအနုအရင်၊ ၀ီရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက် များလည်း ရှိပါတယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ လို့ သရဏဂုံ တင်ထားပေမယ့်လည်း အခြားသော တစ်စုံတစ်ရာကို သရဏံ ဂစ္ဆာမိချင် သူများဆိုလျှင် ရတနာသုံးပါး ကိုးကွယ်သူရယ်လို့ ဆိုရန်ပင် ခက်လှပါတယ်။ ဘုရားစင် အနီးအပါးမှာ အာသဝေါမကုန်ခမ်းသေးတဲ့ ပြည်တွင်းဖြစ် ဘိုးတော်၊ မယ်တော်၊ ပြည်ပမှ ဘိုးတော်၊ မယ်တော်ရဲ့ ပုံများကို ချိတ်ဆွဲသူများဟာ ရတနာသုံးပါးမှတပါး အားထားစရာ မရှိပြီလို့ ခံယူထားတဲ့သူများ မဟုတ်ပါဘူး။ အကြောက်တရားနဲ့ မျှော်လင့် တောင့်တမှုပေါ် အခြေခံပြီး ဓာတ်ရိုက်ဓာတ်ဆင်၊ ယတြာချေ၊ ဂါထာမန္တန် ရွတ်သူများဟာ (ဗုဒ္ဓ ဘာသာဝင်တို့ အဖို့ အရေးကြီးဆုံးဖြစ်တဲ့) ကံ-ကံ၏အကျိုးကို မမှိတ်မသုန် ယုံကြည်သူများ မဟုတ်ပါဘူး၊ အတ္တနှင့် အတ္တနိယအပေါ် အခြေစိုက်တဲ့ လည်းကောင်းအပြု အမူတွေဟာမြတ်ဗုဒ္ဓရဲ့ ဓမ္မလမ်းကြောင်းနဲ့ ဖီလာဆန့်ကျင် လျှက်ရှိပြီး ဥုံ မဏိပဒွေဟုံ ကဲ့သို့ မဟာယနဂိုဏ်းရဲ့ ထိုးဖောက်မှုကြောင့် ဗုဒ္ဓဘာသာဝင်တို့မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကိုယ်ခံအားနည်းပါး ရှာသူတွေ ဖြစ်လာကြပါတယ်

မြတ်ဗုဒ္ဓရဲ့ ဓမ္မမှာ လောဘ၊ ဒေါသ၊ မောဟတို့ကို ငြိမ်းစေသော နည်းလမ်းများ ညွှန်ပြထားသလို သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ တို့မှ လွတ်မြောက်စေတဲ့ ကျင့်စဉ်တွေလည်း အမြောက်အများ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူပြီး လောဘ၊ ဒေါသ၊ မောဟတွေ ထူပြောနေပါလျှင်၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿတို့ ပူလောင်ဆူပွတ် နေပါလျှင် (အဖြေကားရှင်းပါတယ်) ဗုဒ္ဓ၏ ဓမ္မကို လိုက်နာ ကျင်သုံးမှုမှာ အားနည်းလို့သာ ဖြစ်ပါတယ်။

ဘုရားရှင်က ရတနာသုံးပါး အပါ် ကြည်ညိုမှု သဒ္ဓါတရား အနည်းအများပေါ် အမှီပြုပြီး အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အညံ့စား ဗုဒ္ဓဘာသာဝင် ရယ်လို့ နှစ်မျိုး ကွဲပြားကြောင်းနဲ့ လည်းကောင်းတို့ရဲ့ လက္ခဏာများကို ဟောကြားတော် မှုခဲ့ပါတယ်
အထက်တန်းစား ဗုဒ္ဓဘာသာဝင်တို့ ရဲ့ လက္ခဏာများ

၁။ ရတနာသုံးပါးအပါ်၌ နှစ်နှစ်ကာကာယုံကြည်ခြင်း
၂။ ကိုယ်ကျင့်သီလနှင့် ပြည်စုံခြင်း
၃။ ကေတုဟလ မင်္ဂလာကို မယုံကြည်ခြင်း
၎။ လောကီမင်္ဂလာတို့ကို မယုံကြည်ဘဲ ကံကိုသာအနှစ်သာရ အားဖြင့် ယုံကြည်ခြင်း
၅။ ဗုဒ္ဓသာသနာတော် အတွင်း၌သာ မြတ်သောအလှူခံ ပုဂ္ဂိုလ် ရွှေးချယ်စီစစ်၍ ဦးစွာပေးလှူ ကြည်ဖြူ မြတ်နိုးခြင်း တို့ဖြစ်၏။

ဤလက္ခဏာများ နှင့်ပြည့်စုံသူကို ဘုရားရှင်က ဗုဒ္ဒဘာသာဝင် ရတနာ၊ ဗုဒ္ဓဘာသာဝင် ပဒုမ္မာ၊ ဗုဒ္ဓဘာသာဝင် ပုဏ္ဏရိတ် လို့ ဂုဏ်ပြုတော်မူပါတယ်။

အညံစားဗုဒ္ဓဘာသာဝင်တို့၏ လက္ခဏာများ

၁။ ရတနာသုံးပါးအပါ်၌ နှစ်နှစ်ကာကာ မယုံကြည်ခြင်း
၂။ ကိုယ်ကျင်သီလမရှိခြင်း
၃။ ကောတုဟလ မင်္ဂလာကို ယုံကြည်ခြင်း
၎။ ကံကိုမယုံကြည်ဘဲ လောကီမင်္ဂလာ အနှစ်သာရအားဖြင့် ယုံကြည်ခြင်း
၅။ အခြားဘာသာ၌မြတ်သော အလှူခံပုဂ္ဂိုလ်ရှိနိုး မျှော်ကိုးရှာမှီးလျှက် ဦးစားပေးလှူ ကြည်ဖြူ မြတ်နိုးခြင်းတို့ ဖြစ်သည်။

ယင်းလက္ခဏာတို့ နှင့် ပြည့်စုံသော ဗုဒ္ဓဘာသာဝင်မျိုးကို ဗုဒ္ဓဘာသာဝင် အောက်တန်းစား ဗုဒ္ဓဘာသာဝင် အညစ်အကြေး၊ ဗုဒ္ဓဘာသာဝင် ဒွန်းစဏ္ဍားဟု ဘုရားရှင်က မိန့်ဆိုတော်မူခဲ့ပါတယ် ဤသို့လျှင် မိမိသည် အထက်တန်းစား ဗုဒ္ဓဘာသာဝင်လား၊ အညံ့စားဗုဒ္ဓဘာသာဝင်လာ ဟူသည်ကို ဘုရားရှင်၏ အထက်ပါ စံညွှန်းများကို အမှီပြု၍ ဆုံးဖြတ်နိုင်ပါတယ်။ ရတနာသုံးပါးနှင့် ကံ-ကံ၏အကျိုးကို ကြည်ညိုမှုသဒ္ဓါ စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ ခိုင်မာလျှင် လောကီမင်္ဂလာ၊ ကောတူဟတမင်္ဂလာ တို့မှာစိတ်ညွတ်မှု မရှိနိုင်ပါ။

ဗေဒင်၊ ယတြာ၊ အင်း၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်တို့ကို ယုံကြည်ခြင်း၊ မည်သည့်ရုပ်ပွားတော်ကို ကိုးကွယ်လျှင်မည်သို့ စီးပွားတတ်မည်ဟု ယုံကြည်ခြင်းတို့သည် ကောတုဟလမင်္ဂလာကို ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဒီလိုယတြာချေလျှင် ဒီလိုအောင်မြင်သတဲ့၊ ဒီအဆောင်ကြောင့် ဒီလိုကြီးပွားသတဲ့၊ ဒီရုပ်ပွားမျိုးကို ကိုးကွယ်လျှင် အန္တရယ်ကင်းသတဲ့ စတဲ့ ရုတ်တရက် ပေါ်ထွက်လာတဲ့ လောကီစီးပွား တတ်ကြောင်းများကို (ဗုဒ္ဓ၏ အဆုံးအမများနှင့် လျှော်ညီမှုရှိ၊ မရှိ) မစစ်ဆေးဘဲ မျက်ကန်း ယုံကြည်လက္ခံခြင်းတို့ဟာ အတွေးအခေါ် သူတောင်းစားတို့ရဲ့ အမှုအကျင့် သာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ကမ္မနိယာမနှင့် ဆန့်ကျင်ဘက် ဤအမှုအလေ့မျိုးကား ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့မှာ မရှိသင့်၊ မရှိအပ်ပါ။

စင်စစ်ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဥပါသကာဟူသည်မှာ အတိတ်၊ နိမိတ်၊ ကိန်းခန်း၊ တဘောင်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္တုံ၊ ရက်ရာဇာ၊ ပြဿဒါး စတဲ့ ဒိဋ္ဌ၊ သုတ၊ မှတ မင်္ဂလာများကို မယုံကြည်ပါ။ လည်းကောင်းလောကီ မင်္ဂလာတို့ကို ယုံကြည်လိုက်တဲ့ ဥပါသကာကို ဥပသကာအညံ့စား၊ ဒွန်းစဏ္ဍားဥပသကာလို့ ခေါ်ဝေါ်ပါတယ်၊ (ပဉ္စ္စက အဂုင်္တ္တရ စဏ္ဍာလသုတ် ကိုလေ့လာပါ) ရဟန်းတို့၊ အကြင်သတ္တ၀ါတို့သည် နံနက်သောအခါ ကိုယ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏၊ နုတ်ဖြင့် သုစရိုက်ကို ကျင့်ကြကုန်၏၊ စိတ်ဖြင့် သုစရိုက်ကိုကျင့်ကြကုန်၏၊ ထိုသတ္တ၀ါတို့အား ကောင်းသော နံနက်ဖြစ်၏၊ ထို့အတူ မွန်းတည့် ညချမ်းအခါတို့၌ သုစရိုက်ကျင့်သူတို့အား ကောင်းသောမွန်းတည့်အခါ၊ ကောင်းသောညချမ်းအခါ ဖြစ်၏၊ ဟုဘုရားရှင်ဟာ (တိအဂုင်္တ္တရပါဠိတော်-၂၉၈) မှာ ဟောတော်မူခဲ့ပါတယ်၊ ဆိုလိုရင်းမှာ သုစရိုက်တရား ကျင့်သူတို့ အား နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း အားလုံး အကောင်းချည်း ဖြစ်၍ မကောင်းသော နက္ခတ်၊ မင်္ဂလာမရှိ၊ နက္ခတ်မင်္ဂလာ အကောင်းကြံရန် ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ယတြာ စသည်တို့ကို ပြုလုပ်ရန်မလိုပါ၊ ကိုယ်ကျင့်တရား မြဲမြံရန်နှင့် သူတော်ကောင်း တရားပွားများရန်သာ လိုသည်ဟု ဆိုလိုရင်း ဖြစ်ပါတယ်။ ကမ္မနိယာမ ချည်မျှင်ရှည်ကြီးမှာ သီတန်းထားတဲ့ လူသားတို့ရဲ့ သုခ၊ ဒုက္ခများကို မည်သည့်ဂါထာ၊ မန္တန်၊ အင်း၊ ယတြာ၊ အဆောင်လက်ဖွဲ့၊ ကိုယ်စိုက်ပျိုးထားသော အပင်ကို ကိုယ်ဘဲ ရိတ်သိမ်းရပါတယ်၊ အဆိပ်ပင် စိုက်ပျိုးထားပါလျှက် ဂါထာမန္တန်၊ ယတြာ အားကိုးနဲ့ သြဇာပင် ရိတ်သိမ်းချင်၍ မရပါ။ ကမ္မနိယာမ မြစ်ကြောင်း အတိုင်းသာ ဘ၀စီးကြောင်း ရေအလျှင်ဟာ စီးဆင်းနေပါတယ် ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျှက် ကံ-ကံ၏အကျိုးကို မယုံကြည်ဘဲ၊ လောကီမင်္ဂလာများ နှင့် အပေါ်ယံ အကာအလွှာ ကိုးကွယ်မှု အမျိုးမျိုးနောက် လိုက်နေသူများဟာ အညံ့စား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

အလျှင်းသင့်၍ သီတဂူဆရာတော် အရှင်ညာဏိဿရ၏ ဗုဒ္ဓ၀ါဒ အခြေခံသဘော တရား စာအုပ်မှ စာပိုဒ် တစ်ပိုက်ဒ်ကို တင်ပြလိုက်ပါတယ် “ ဗုဒ္ဓ ဟောကြားတဲ့အတိုင်း၊ သင်ထားတဲ့အတိုင်း၊ ဆုံးမထားတဲ့အတိုင်း၊ ကျင့်တဲ့ပုဂ္ဂိုလ်တွေကို တစ်ခါတည်း အောက်တန်းမကျ၊ အထက်တန်း ရောက်အောင် ဘယ်သူက ခေါ်ဆောင်သွား မှာလဲ အဲဒီကျင့်တဲ့တရားက ခေါ်ဆောင်သွားမှာ။ ဗုဒ္ဓက ခေါ်ဆောင်သွားမှာ မဟုတ်ပါဘူး၊ ကိုယ်ကျင့်တရားက ကိုယ့်ကို ခေါ်ဆောင်သွားမှာ။ အဲဒါကိုယုံကြည်ထားဖို့ ပါဘဲ၊ ဗုဒ္ဓ၀ါဒအရ ကိုးကွယ်ခြင်းဟာ အဲဒိအထိရောက်ရမယ်၊ ဒါမှ အဆင့်အတန်း မြင့်တာ၊ ကိုယ့်ကို ခေါ်သွားမယ့် ပုဂ္ဂိုလ်၊ ကယ်တင်သွားမယ့် ပုဂ္ဂိုလ် ဆိုတာ အခြားမှာ မရှိပါ ဘူး၊ ကိုယ့်ကို အထက်ရောက်အောင် သယ်ဆောင်သွားမှာ၊ ခေါ်ဆောင်သွားမှာ၊ အဆင့်အတန်း မြှင့်ပေးလိုက်မှာ ဘယ်သူတုန်းဆိုလျှင် ကိုယ်ကျင့်သုံးထားတဲ့ တရားပါဘဲ” ဗုဒ္ဓဘာသာမှာ ကိုးကွယ်ခြင်းဆိုတာ အကျင့်စရဏ ပြဋ္ဌာန်းပါတယ်။ မိမိကိုယ်ကို အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ် ခံယူလိုလျှင် ဗုဒ္ဓ၏ဓမ္မနဲ့ လျှော်တဲ့ ကိုယ်ကျင့်သိက္ခာ ကိုတည်ဆောက်ဖို့ လိုပါတယ် ရတနာ သုံးတန်နှင့် ကံ-ကံ၏အကျိုးကိုသာ တစိုက်မက်မက်၊ စဉ်းငယ်မျှပင် အယိမ်းအယိုင်မရှိ၊ ပကတိ ငုတ်စိုက် ကျောက်ချထားသည့်နှယ် ယုံကြည်ဖို့ လိုပါတယ် လည်းကောင်း ယုံကြည်မှုကို ထိပါး တိမ်းစောင်းစေတဲ့ ကောတုဟတ မင်္ဂလာ၊ လောကီ မင်္ဂလာတို့မှာ အားကိုးရှာခြင်း မျိုးကို အတွင်းအဇ္ဈတ္တမှာ လုံးဝ ၀င်ရောက်ခွင့်မပြုသင့်ပါဘူး။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာ အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၏ ဟိုဘက်မှာလည်း အခြားသော သရဏံ ဂစ္ဆာမိ ရှိမနေသင့်ပါ။ ထေရ၀ါဒ ဗုဒ္ဓသာသနာတော် မြတ်၏ အညစ်အကြေး ဖြစ်တဲ့၊ အတွင်းရန်သူ တန္တရယာန၊ မန္တရယာန၊ ယန္တရယာနများ၏ အန္တရယ်စက်ကွင်းမှ လွတ်အောင်ရှောင်ပြီး မြင့်မြတ်သန့်စင်သော အထက်တန်းစား ဗုဒ္ဓဘာသာဝင် အဖြစ်(အကျင့်စရဏ) ဖြင့်ခံယူနိုင် ကြပါစေ။
 
၁၉၉၁ ဧပြီလထုတ်၊ အမှတ်-၁၆ဓမ္မရံသီပေါင်းချုပ်မှ။

မင်းနန်(မော်ကျွန်း)

No comments:

Post a Comment