Saturday, April 1, 2017

လူ့ဦးနှောက်မှာ ကွန်ပြူတာ ထည့်သွင်းထားတဲ့ လူသားစက်ရုပ်များ လာမည်

 

SpaceX နဲ့ Tesla ရဲ့ တည်ထောင်သူ Elon Musk က လူ့ဦးနှောက်နဲ့ ကွန်ပြူတာ တွဲဖက် အလုပ်လုပ်မယ့် နည်းပညာကို တီထွင်ဖို့ ကုမ္ပဏီတစ်ခုကို မကြာခင်က တည်ထောင်လိုက်ပါတယ်။ Neuralink လို့ ကုမ္ပဏီကို အမည်ပေးထားပြီး အနာဂတ်မှာ စိတ်ကူး အတွေးများကို Upload, Download ပြုလုပ်နိုင်ဖို့အတွက် ဦးနှောက်မှာ အလွန်သေးငယ်တဲ့ Electrodes များကို ထည့်သွင်းဖို့ ဖန်တီးမယ့် ကုမ္ပဏီ ဖြစ်ပါတယ်။ Musk က ယခင်လအနည်းငယ်ကတည်းက ဒီစီမံကိန်းကို အရိပ်အမြွက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။



အခုတော့ Elon Musk အတွက် ပြိုင်ဖက် တစ်ယောက် ပေါ်လာပါပြီ။ သူကတော့ ဆီလီကွန်တောင်ကြားရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ Bryan Johnson ဆိုသူ ဖြစ်ပါတယ်။ သူဟာ သူ့ကိုယ်ပိုင် ကုမ္ပဏီတစ်ခုကို PayPal ထံ ဒေါ်လာ သန်း ၈၀၀ ဖြင့် ရောင်းချခဲ့ပြီး အခုတော့ Kernel အမည်ရ ကုမ္ပဏီကို တည်ထောင်လိုက်ပါတယ်။ Kernel မှာ သူက ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှပ်နှံပြီး ဦးနှောက်ထဲမှာ Hardware နဲ့ Software များ ထည့်သွင်း၍ ဦးနှောက်ရဲ့ စွမ်းရည်ကို အစွမ်းထက်အောင် ဖန်တီးဖို့ ဖြစ်ပါတယ်။ သူက ဦးနှောက်ရဲ့ လုပ်ငန်းများကို သူ့ရဲ့ ကွန်ပြူတာများက ဖတ်နိုင်၊ စေခိုင်းနိုင်အောင် ရည်ရွယ်တယ်လို့ ပြောပါတယ်။
လက်ရှိမှာ ခွဲစိတ်ဆရာဝန်များဟာ ဦးနှောက်ကို လှုံ့ဆော်ခြင်းဖြင့် ပါကင်ဆန်နဲ့ ဦးနှောက် အလုပ်လုပ်မှု ပုံမမှန်ခြင်းများလို ရောဂါများကို ကုသဖို့အတွက် ကိရိယာများကို ဦးနှောက်ထဲမှာ ထည့်သွင်း အသုံးပြုနေကြပါတယ်။ Neuralink နဲ့ Kernel ကုမ္ပဏီများက ကွန်ပြူတာများကို ဦးနှောက်မှာ ထည့်သွင်းခြင်းဖြင့် အစွမ်းထက်တဲ့ လူသားစက်ရုပ်များကို ဘယ်လို ဖန်တီးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
ref : wired